Wednesday, December 26, 2012

သစ္စာတရားအတွက်မီးအိမ်တစ်လုံးနှင့်(တာရာမင်းဝေ)

၁။
အရှင်…
သင်၏ခေါ်ရာ
ထပ်ချပ်…ငါ…လိုက်ပါမည်။
ကြယ်တစ်ပွင့်ကိုဆွဲယူ
ငါ့ကို…ထူပါ။
ဟိုးမှာ…
သေအံ့မူးမူးလူက
မြေပြင်ပေါ်ကသူ့အရိပ်ကို
ကပျာကယာ အိတ်ထဲယူကောက်
လက်သည်းတွေတောင် ခွေခေါက်နေပြီ။

ဒီမှာ…
ဦးခေါင်းခွံထက်
ဆံဖြူတွေဝပ်တွားတက်နေတဲ့အဘိုးအို
တောင်ဝှေးကျိုးကိုရီဝေကြည့်ငေး
သူ…ဘာတွေ တွေးပြီနည်း။
စမ်းရေကိုငုံ့သောက်မှ
ကိုယ်မျက်နှာကိုယ်ပြန်မြင်ရသောလူများ
အခြားဘာကိုတွေ့ စွမ်းမလဲကွယ်။
အတ္တဆိုင်းဘုတ်ကို
လည်မျိုမှာသံငုတ်နဲ့ရိုက်
လမ်းမှာလိုက်သောခရီးသည်များ
သံသရာရထားကိုစောင့်နေသည်။
ဝါးတစ်ပင်ရိပ်မှာ
ခြင်္သေ့တို့ပင်အိပ်ဝံ့ပါသလား။
ဝါးတစ်ပင်ရိပ်၌
သူတော်စင်တို့ ပျှော်ပိုက်ခဲ့ကြပြီ။
အမှောင်ကနက်၏
ကြယ်ကလက်မည်
ဤခရီးဝေးသလား
ငါ…ရောက်အောင်သွားပါမည်လေ…။
၂။
နွေ…နွေ မိုး မိုး
တွင်းထဲမှာ နှင်းခဲတွေပုပ်သိုးနေရော့သလား။
ဆောင်းကိုပန်ပြီး
မြောက်ပြန်လေရောက်လာမှ
ပြာဝေမှိုင်းအုပ်
ဟော … နှင်းတွေတစ်ဆုပ်ပြီးတစ်ဆုပ်။
သဲကန္တာရက
သဲတွေနဲ့ ဖွဲ့စည်းပြသလို
မာယာလောက
မာယာတွေနဲ့  မှုံရီအုံချနေတယ်။
ကျောက်ဆစ်ရုပ်က
ခေါင်းညိတ်ပြရုံမဟုတ်
လက်ခုပ်တီးပြီး လက်အုပ်ချီပြတာ
ငါ တွေ့ခဲ့ဖူးပြီ။
သွေးစက်တွေနောက်မှာ
လက်သည်းနီစက်ရဲရဲတောက်ပြတာ
ငါ တွေ့ဖူးပြီ။
ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကိုဖျော်ဖြေတာ
ပျော်စရာမှမဟုတ်ပဲကွယ်။
၁၂ကြိုးကသော
လောက၏ကဝေလက်ချောင်းများ
ငါ့အား…ဆွဲခေါ်
ငါ… မမွေ့ပျှော်တော့ပါပြီ အရှင်။
၃။
ငါသည်…တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏
ထို့ကြောင့်
မီးတောက်ကိုချစ်လေသည်။
မိုး၏အမြင့်ကိုမသိ…ဟု
ကိုယ့်ကိုယ်ကို အထင်ရှိ၏။
အမှန်ကား…
မြေ၏အနက်မှာပင်ေ၀၀ါးဆဲ။
စီးမျောရာတွင်
ဗေဒါကို ကုပ်ဖက်
အနက်ရောင် လှိုင်းခေါင်းများကြားမှာ
ဒေါသအမျက်ချောင်းချောင်းပွားလျက်။
ထိုသော… မနေ့ကငါသည်
ဝါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍
တောင်စွယ်တန်းမှာ ၀င်ရောက်ပျောက်ကွယ်ခဲ့ပြီ။
ဤယနေ့ … ငါ … သည်
မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်
နှုတ်ဆက်ထွက်ခွါ
အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ။
ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏
ငါ့ကိုငါက အုပ်ချုပ်၍
ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။
၎။
ဥပုသ်သည် သီလကျိုးတော့
ဘုရားရှိခိုးရင်း ရှက်လေသည်။
ငါတို့သည်…လူသားများဖြစ်၏
လက်ဖ၀ါးမှာ
အမှားလက္ခဏာပါလေသည်။
ဟိုချိုး … သည်ကွေ့
ချွတ်ယွင်းသော မောင်းတံဖြင့်ရွှေ့လျား
လမ်းလျှောက်နေသော သင်္ချိုင်းမှတ်တိုင်များဖြစ်၏။
အပ်ချည်နှင့်ပြန်ချုပ်ထားသော
စက်ရုပ်၏အစိတ်အပိုင်းများပမာ
တစ်ခါတစ်ခါ
မှီတွယ်ရာလည်း မဲ့တတ်သည်။
အို … “လူသားအားလုံးချမ်းမြေ့ပါစေသား´´
အားလုံးထဲမှာ
ငါသည်လည်း ပါဝင်ချမ်းမြေ့ပါစေသား။
သူတစ်ပါးကိုလည်းခွင့်လွှတ်
ကိုယ့်ကိုယ်ကိုလည်းခွင့်လွှတ်
အနာရွတ်မှန်သမျှ
ဆွဲချွတ်ဖယ်ရှားကြပါ။
နင်းလာသောခြေထောက်ကို
မြေမှုန့်သဲကျောက်တို့က
ခွင့်လွှတ်ကြသလိုမျိုး
ရိုးသားပြည့်ဝ
တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ကြပါ။
၅။
ထမင်းဝိုင်းမှာ
လျှာနှင့်ခပ်၍စားကြသူများ
သွားကြားထိုးတံစူးကြလေသည်။
စပါးစေ့(၁၀၀)နှင့်
သင်လုံလောက်ပါက
စပါးစေ့(၁၀၁)
နောက်လူအတွက် ဖြစ်ပါစေကွယ်။
ဆင်ဖြူတော်မှီပြီးတော့လည်း
ကြံမစုပ်ကြပါနှင့်၊
ကြံကျွေးပြီးတော့လည်း
ဆင်ကိုနှာမောင်းမဖြုတ်ကြပါနှင့်။
ညောင်ရွက်တွေနဲ့မိုးတဲ့
ရေအိုးစင်လေးပမာ
သာယာမြေ့ချမ်း
နေပူလမ်းမှာ တွဲခေါ်ကြပါ။
အမှန်စင်စစ်
ခေါင်းငုံ့ပေးလိုက်ခြင်းဟာ
ခေါင်းမော့ထားရခြင်းလောက်
ညောင်းညာလိမ့်မည်မဟုတ်ပါ။
ဝင်သက်နှင့်ယူခဲ့သမျှ
ထွက်သက်နှင့် ပြန်ပေးရမည်။
ဒါ … ကမ္ဘာအစရဲ့
ပထမသီအိုရီပဲဖြစ်သည်။
ငါကတော့(ရမည်ဆိုပါလျှင်)
သေလွန်ပြီးခါမှ
အင်အားတစ်စပြန်ယူသုံး
ငါ့အခေါင်းကို ငါပဲဖုံးသွားချင်တော့၏။
၆။
ငြိမ်းချမ်းရေးအတွက်တော့
လင်းပွင့်မြင့်မြတ်ရဦးမည်။
ထို့အတွက်
ကိုယ့်ကိုယ်ကို တံမြက်စည်းလှဲပြီး
တဖွားဖွား ခြွေချပစ်ရမည်။
လက်သီးဆုပ်ခြင်း … ဆိုတာ
တုန်ခါဖြူဖျော့ ထော့လန်ကွေးလုပ်
လက်ချောင်းတွေအချင်းချင်း ပြန်ဖမ်းချုပ်ကြခြင်းဖြစ်၏။
ကိုယ့်ကိုယ်ကို ဒိုင်းနဲ့ကာထားပြီးမှ
သူတစ်ပါးကို ဓါးဖြင့်ရွယ်ရဲလျှင်
သူရဲကောင်းဟု မခေါ်ချင်။
တစ်ခါက
ဤလက်တို့အလံလုခဲ့ကြ၏။
ထို … ဆုတံဆိပ်
ယခု ဘယ်ဆီချိတ်မည်နည်း။
ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။
မာနကိုဖြေလျော့
ရေစင်အေးဖြင့် ငါ ကန်တော့ပါအံ့။
ခြေဖ၀ါးမှ ဦးကင်း
မေတ္တာဖြူဖြင့် လင်းလိုလှပါတော့သည် ငါ့အရှင် …။
၇။
(လောကကြီးသည် အံ့ဖွယ်အတိပြီး၏။
နဂိုမူလ တိမ်သည်ဟုထင်ရသော တွင်းများပင်လျှင်
ဆင်းကြည့်ခါမှ နက်ရှလှိုက်စား
ပို၍ … နိမ့်ဝင်သွားတတ်၏။)
ကြက်ခြေခတ် … ၏
ဆုံရပ်မှာနေ ရီဝေထွေပြားသောညများ
မိုးခါးရနံ့ သင်းပျံ့နေတတ်၏။
ငါ့ရှေ့မှလူများ
ငါ့ကိုပိတ်၍ကာထား၏
ငါ့နောက်မှလူများ
ငါ့ကိုတွန်း၍ကျော်သွား၏။
ထို့နောက် …
ချောက်ကမ္ဘားရောက်မှ
ကြောက်အားဖြင့်လှည့်ပြန်
ငါနှင့်တဖန် …
လူချင်းလဲကြပြန်၏။
အောင်မြင်ကြပါစေကွယ်
နေရောင်လရောင်ဖြန့်ခင်း
အလင်းတဝေေ၀နဲ့
နေ့တွေညတွေ
ငြိမ်းချမ်းသည်ထက်ငြိမ်းချမ်းပါစေ။
သူဖုန်းစားလည်း
မြေသားပန်းကန်မှာ
ကောက်နှံပင်တို့ဝေဖြိုး
အသရေတိုးသည်ထက်တိုးပါစေ။
သူကြွယ်ကြီးလည်း
ငရဲပြည်ကဓါးကို
ရှောင်ရှားပိုင်းချင့်
နှိမ့်ချအပ်သောဦးခေါင်းဖြင့်
မြင့်သည်ထက်မြင့်ပါစေ။
၈။
ငိုကြွေးဖို့အတွက်
အသက်ဝင်လာသောလူများ
သစ္စာတရားကို
ဟားတိုက်ရယ်မောနေကြသည်။
ရှင်သေမင်းက
အစွယ်တ၀င်းဝင်းနှင့်စောင့်စား
သက်တမ်းကျွံသည်နှင့်
တမလွန်မှာ
အခွံခွါ၍စားလိမ့်မည်။
ဟိုစဉ်ခါက
ငါသည်လည်းစိုးကြောက်
ကျောက်တောင်ကို ပန်းနှင့်ပြန်ပေါက်ရင်း
ခြေမြှောက်လက်မြှောက်
ခြောက်ခြားဖူးသည်။
တုန်ကောက်မရှိသူ … နှင့်
ချိုင်းထောက်မရှိသူ …
လမ်းလျှောက်ရန်မှာပင်
ဒုက္ခချင်းမတူကြ။
တဂျောက်ဂျောက်နှင့်
ရွှံ့ရုပ်သားကောင်
မုဆိုးကို ပြန်လှောင်သည့်
မှော်ရုံထောင်ချောက်
မျက်လှည့်ဆရာတွေ ကြွေအံခေါက်နေသည်။
မျက်စိကိုမှိတ်ပြီး
ကိုယ်ထဲကို တိတ်တိတ်ကလေးပြန်ကြည့်သောအခါ
ညှို့ပြာယှက်သန်း
တစ်လောကလုံး အနက်ရောင်လွှမ်းတော့၏။
ထိုသို့ ဖြင့်
နှင်းရည်စိုသော
မှိုပွင့်ကလေး၏ပင်ခြေရင်းမှာ
မာနကိုအိပ်မွေ့ချ
ထာဝရ ငါ … ထားခဲ့ချင်ပါပြီလေ။
၉။
လောကဓံတရားက
နဂါးရှစ်ကောင်ပမာ
မြေကိုထိုးခွဲ လေကိုဆွဲဖြဲ
လူတွေထဲမှာ
ပျံသန်းသွားလာနေသည်။
ယဉ်ကျေးမှုအရ
တစ်နေရာတွင်ဖိနပ်စီးရသော ငါတို့သည်
ယဉ်ကျေးမှုအရပင်
တစ်နေရာတွင်ဖိနပ်ချွတ်ရဦးတော့မည်။
ဘုရားပြောတာကိုမှ
ငါ… မယုံရဘူးဆိုလျှင်
မာရ်နတ်ပြောတာကို
ငါ… ယုံရတော့မည်လော။
အစိုးမရသော
လောက၏နာရီစက်သံကို
လက်တံတို့က မောင်းနှင်ဖန်တီး
နီး …နီး …နီး၍လာခဲ့ပြီ။
မီးကိုကျော်ဖြတ်
ရေကိုကျော်ဖြတ်
သံချပ်ကာဝတ်ရုံ
ခြုံလို့မလုံပါဘူးကွယ်။
တရားရိပ်မှာ
စိတ်ကိုထုတ်ပြီးဖုန်ခါ
ပြီးတော့ …
ကိုယ်ထဲမှာ ပြန်လည်သော့ပိတ်
သုညကလေးလို
ငြိမ်သက်တိတ်ဆိတ်နေရမည်။
စေတီအိုဟောင်းမှ
ခေါင်းလောင်းသံ တိုးဖွတိုးညှင်း
အို … အရှင် …
မြေမှထသော ငါ့ကိုမြင်ပါ။
၁၀။
အချို့သောလူများ
လယ်ထွန်သွားရင်း
နွားပေါ်အိပ်နေကြပါသလား။
အချို့သောလူများ
လယ်ထွန်သွားရင်း
စပါးဖြစ်အောင် စိုက်ကြပါသလား။
လူသားတစ်ယောက်အနေနှင့်
မိုးကောင်းကင်အောက်မှာ
ခိုင်မာကျစ်လျစ်
တာဝန်ကျေသော ပေတစ်ဆစ်မျှတော့
ဖစ်သင့်သည်။
အရပ်ရပ်မှလာသော လေတို့၌
မြေစိုက်ကျောက်တိုင်တို့
မတုန်လှုပ်ကြသကဲ့သို့
ငါတို့ နေသွားရမည်။
အရှင်ယူဆောင်သည့်
ကြယ်တစ်ထောင်မြင့်ခေါင် ၀င်းပသည့်ညကား
လွှလွှဖွေးဆွတ်
လှံသွားတို့ကိုပင် ခွေညွတ်စေတော့၏။
ဓမ္မတေးကို
သွေးအစက်စက်တိုင်အောင်ဖြန်းဆွတ်
နှုတ်ဆက်တော်ရွတ်ဆိုသံများ
တိုးကာ ကျယ်ကာ ငါ … ကြားနေရ၏။
လေပြေညင်းတွင်
ရွှေအဆင်းဖြင့် သွားနှင့်ကြသူများ
ဥပေက္ခာကို
ဘာမှမပြောဘဲ ထားသွား၏။
ထိုသူတို့နောက်
ငါ တကောက်ကောက်လိုက်ပါတော့အံ့။
ထိုသူတို့နောက်
တောက်လျှောက်လိုက်ပါတော့အံ့။
ကြယ်ရောင်ကွေ့ကောက်
ထိုသော ကောင်းကင်မျဉ်းကြောင်းများအောက်မှပင်
ငါ့အား
လမ်းပြစေစားတော်မူပါလော့ … မြတ်သော ငါ့ …အရှင်။ ။

မိုး (တာရာမင်းဝေ)

ချစ်သူရေ
ဟောဒီ ကောင်ကင်တစ်ရိုးက
ရေခိုးရေငွေ့ အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။

ကိုရွှေမုတ်သုန်လေက
သူခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့် ဝင်တိုက်တယ်။

အိုးကြီးလဲဗိုက်ပွင့် ကွဲကြေ
သေပါလေရော။

အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက်
လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။

ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလဲ
သွားရည်တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။

အို ချစ်သူရေ
ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ

လာ ရဲရဲလာ
ထီးရွက်တွေမပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။

ငါတို့ရဲ့ မိုး
ဂျိုးဂျိုးဂျိမ့်ဂျိမ့် လှပ
ရှိုတ်ကြီးတငင်ငင် ရွာချပါစေလားကွယ်။

တေလေကလေး (တာရာမင်းဝေ)

မီးပွိုင့်တွေက
အနီလှိုင်းတွေနဲ့
လွှင့်ထုတ်ပစ်ခတ်ကြတယ်။
လူမိုက်လိုလို
စောင်းနေတဲ့ ဓါတ်တိုင်အိုကြီးက
ကျွန်တော့်ကို ဝင်တိုက်ပြန်ရဲ့
ထင်းရှုးပင်ကြီးက
ရှည်လျှားခွန်မြတဲ့ သစ်ရွက်တွေ ကွေးကုပ်
ကျွန်တော့ကို လေနဲ့ လိုက်မှုတ်တယ်။
ကျွန်တော်
ကိုယ်နဲ့မတော်တဲ့ ဖိနပ်ကိုစီးပြီး
လမ်းအကြီးကြီးမှာ လျှောက်မိနေချိန်ပေါ့။
တိုက်တာတွေ ဖောင်းကားပျော့ အိ
ဓါတ်ပေါင်းဖိုတွေလည်း
မိုးခိုးငွေ့တွေပိပြီး ကွေးညွတ်ခွေယိုင်ကျ
မြေကြီးထဲက
မိုးခြိန်းသံ တရှဲရှဲ ကြားရတယ်။
တကယ့်ကို ကြောက်စရာပါအမေ
အဲဒီညက
အိပ်မက်နည်းနည်း ရှည်သွားတယ်။

နိုဝင်ဘာ (တာရာမင်းဝေ)

ငါရဲ့ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိတ် ဝတ်ဆင်ထားတဲ့ မိန်းမ။
မြူခိုးနီညိုတွေကြားမှာ
စံပယ်တွေ ကပိုကရိုနဲ့ ...လှလို့။
ငါ...တစ်ပွင့်ပြီး တစ်ပွင့်ပြိုလဲ
နှင်းအဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့။

ဗဟိုကွဲအား (တာရာမင်းဝေ)

 ဆောင်းခေတ်ကပေးခဲ့တဲ့
 မောင်းကွဲသံ ခပ်လေးလေး တစ်ချက်ပါပဲ။တစ်ယာက်တည်းနေရတဲ့ ငါ့ကို
ဘယ်သူနဲ့မှမနေရအောင်
ယိုင်ယိုင်ရွဲ့ရွဲ့ လှီးခွဲသွား....။
နံပါတ်စဉ် မတပ်ရသေးတဲ့
သဲကန္တာရ စာရွက်တစ်ရွက်ပေါ်မှာလဲကျတယ်။
အဲဒီညနေပေါ့
ကောင်းကင်ကို ဆွဲချွတ်ပြီး
မြေကြီးကိုပဲ ငါပြန်ဝတ်ခဲ့ရ။
ပြီးဆုံးသွားတာ သေချာပါတယ်
နှင်းခိုးတွေ...
ပြီးတော့ ဒိုင်ယာရီချို ခါးတစ်ခွက်
ပြီးဆုံးသွားတာက သေချာပါတယ်။
မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့လေ
ပန်းရနံတွေကလည်း ခပ်မြင့်မြင့်ကနေပျံသန်း
ငါနဲ့ ငါ့ရဲ့ဖိနပ်လေး
သီချင်းမဆိုတော့ဘဲ ဟိုးအဝေးကို ငေးခဲ့ရတယ်။

မုန်တိုင်းထဲမှကဗျာ

မိုးသက်ဆင်သည်
လေပြင်းဖက်၍၊ ပြိုးပြက်လျှပ်စစ်
တထစ်ထစ်တည့်၊ ချောင်းမြစ်အိုင်ကမ်း
ဘောင်ဘင်ယမ်းသည်၊ လျှပ်ပန်းကောက်ကွေ့ 
တိမ်ကိုဝှေ့ လျက်၊ အက်၍ကွဲသွင်
အိုသစ်ပင်လည်း၊ မြေပြင်အောက်ထိ

ကွေးညွှတ်အိ၍၊ ရှိရှိသမျှ

ပျက်စီးကြသား၊ အလှကင်းမဲ့

ကျိုးပဲ့ယွင်းကာ၊ စိတ်စိတ်မြွှာသည်

ညခါမုန်တိုင်း၊ တိုက်သတည်း။

တစ်ညဥ့်ယံလုံး
စိန်လျှံတင့်တင့်၊ ကြယ်တစ်ပွင့်မျှ
ကြွားဝင့်အလျင်း၊ မလင်းမဲမဲ
မှောင်မိုက်ထဲ၌၊ သဲသဲမုန်တိုင်း
ရိုင်းစိုင်းစော်ကား၊ ရပ်စဲသွားသော်
ပတ်ကြားအက်ကွဲ၊ မြေညွှန့် ထဲမှ
ရဲရင့်ကင်းငုံ၊ လင်းအာရုဏ်ဝယ်
မှုန်မှုန်ပုရစ်၊ ထွက်ပြူလှစ်သည်
အသစ်ပြန်လည်ပွင့်သတည်း။

ဒဂုန်တာရာ(၁၉၄၇)


ကြယ်တစ်စင်းရဲ့သားတော်

အမေ.....
ကြေကွဲမှုတွေနဲ့
အမေ့မျက်လုံးတွေ....
မျှော်လင့်ချက်တွေပါးနေ
ဇရာနဲ့အမေအကြွမ်းဝင်ခဲ့ပြီလေ..။

အမေ....
ဘဝတစ်ခုလုံးလောင်းကြေးထပ်ခဲ့ရတဲ့
အမေ့မျှော်လင့်ချက်အိပ်မက်ဆိုတဲ့အရာ
သားကိုယ်တိုင်ဆိုတာ
ကျွန်တော်နောက်ကျစွာသိခဲ့ရတယ်...။

အမေ...
အရွယ်မရောက်ခင်ကပေါ့
လောကဓံဆိုတဲ့လှိုင်းတံပိုးတွေ
ကျွန်တော်ကိုဝင်မတိုးခဲ့တာ
သားအရှေ့မှာအမေဝင်ကာခဲ့လို့ဆိုတာ
ကျွန်တော်မိုက်မဲစွာမသိခဲ့ပါ အမေ..။
အမေ...
အနောက်တောင်မှာ
တိမ်ညိုတွေပြိုဆင်းတိုင်း
တိတ်ဆိတ်တဲ့ငိုကြွေးခြင်းများအကြောင်း
ကျွန်တော်စာလုံးပေါင်းတက်ခဲ့ပါပြီ...။
အမေ...
''အမေ့ဘဝ နေညိုပြီ''
အမေပြောတက်တဲ့စကား
သားရင်မှာအထပ်ထပ်ကြားနေဆဲပါ အမေ..။
အမေ..
တကယ်တော့...
အမေဟာ'နေ'လို 'လ'လို
ကျွန်တော်ဘဝအတွက်အလင်းရောင်ကို
နွေးလိုက်၊အေးလိုက် ပေးတက်သူ
သားဘဝရဲ့ အလင်းလက်ဆုံး
ကြယ်စင်တစ်လုံးပါအမေ..။

ရှင်ဥပဂုတ် ကိုးကွယ်မှု

ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်မှုများထဲတွင် 
မဟာယာနဂိုဏ်းမှ အယူအဆများကို ရောနှောလက်ခံနေသည်ကိုလည်း တွေ့ရ၏။ ထိုအယူများအနက် ရှင်ဥပဂုတ် ကိုးကွယ်မှုသည် ရှေ့တန်း၌ ရှိနေလေသည်။ 

ရှင်ဥပဂုတ္တမထေရ်၏ အတ္ထုပ္ပတ်သည် မဟာယာနဂိုဏ်းသုံး ကျမ်းစာဖြစ်သော 
ဒိဗျာဝဒါနကျမ်းမှ ဖန်တီးပေးလိုက်သော ဇတ်လမ်းဖြစ်သည် ။ 
ရှင်ဥပဂုတ်မထေရ်သည် ဣန္ဒဂုတ္တ၊ အဿဂုတ္တ၊ တိဿနာဂ၊ 
ဥပဂုတ္တတိဿနာဂ၊ အာဂတ်စတယမုနိဟူသော
ဘွဲ့မည် အမျိုးမျိုးဖြင့်ထင်ပေါ်ကျော်ကြားသူဖြစ်သည်။ 

ရှင်ဥပဂုတ်မထေရ်နှင့် ပတ်သက်၍ ထေရ၀ါဒ ပိဋကတ်တော် အဋ္ဌကထာတို့၌ 
ကျယ်ပြန်စွာမပါရှိပေ ။ ထိုမထေရ် အကြောင်းကို သာသနာနှစ် ၈၀၀ ခန့်က 
ရှင်မဟာနာမရေးသော မဟာဝင်ဝတ္ထု၌ ဖော်ပြခဲ့သည် ။ 
ရှင်မဟာနာမသည် မဟာယာနကျမ်းစာ ဒိဗျာဝဒါနမှ 
ထုတ်ယူ၍ တင်ပြခဲ့ခြင်း ဖြစ်ပါမည် ။

မဟာဝင်ကျမ်းလာစကားတို့ကို ယူ၍ မြန်မာကျမ်းပြု ဆရာတို့ကလည်း 
ဖော်ပြခဲ့ကြပြန်သည် ။ မဟာရာဇ၀င်ကြီး ၊ လောကပညတ္တိကျမ်း ၊ 
ဇိနတ္ထ ပကာသနီကျမ်း တို့တွင် ထိုမထေရ်၏ အတ္တုပ္ပတ်ကို
 ကူးယူထည့်သွင်းခဲ့ကြသည် ။ ထိုအခါမှ မြန်မာတို့၏ စိတ်တွင် 
ရှင်ဥပဂုတ္တဟူသော ဇတ်လမ်းသစ်ကို လက်ခံရရှိခဲ့ကြသည် ။ အစွမ်းကောင်းသော 
မထေရ်တပါး အဖြစ် မြန်မာတို့၏ နှုတ်ဖြားတွင် တွင်ကျယ်လာခဲ့လေသည် ။

ရှင်ဥပဂုတ်မထေရ်သည် တောင်သမုဒ္ဒရာ၌ ကြေးပြာဿဒ်ဖြင့် နေသည်။ 
ယနေ့တိုင် အသက်ရှင်လျှက် ရှိနေသေးသည် ဟုလည်း 
ကြံကြီးစည်ရာ ယုံကြည်နေကြသည် ။ ထို့ကြောင့်မြန်မာတို့သည် 
ရှင်ဥပဂုတ်ပုံကို ထုလုပ်၍ ဖောင်နှင့်မျှောကာ ပူဇော်ပွဲများ ပြုလုပ်ကြသည် ။

ရှင်ဥပဂုတ်သည် လေမုန်တိုင်းကျခြင်း ၊ မိုးရွာခြင်း ၊ ရေလွှမ်းခြင်း ၊ 
မိုးကြိုးပစ်ခြင်း စသောအန္တရာယ်တို့ကို ကာကွယ်ပေးနိုင်မည် ဟုလည်း 
ယုံကြည်ကြသည် ။ မြန်မာနိုင်ငံတွင် ရှင်ပြုအလှုပွဲစသည် ပြုလုပ်လျှင် 
လေမိုးအန္တရာယ်ကင်းစေရန် ရှင်ဥပဂုတ်ရုပ်ထုကို 
ကန်တော့ပွဲဖြင့် တင်သ၍ ပူဇော်ထားကြရသည် ။

မြန်မာပြည်တွင် နောက်ခေတ်မှတည်ထားသော 
အချို့သော ဘုရားထီး အတွင်း၌လည်း ရှင်ဥပဂုတ်ကျောင်းဆောင်လေးများကို ထည့်သွင်းလေ့ရှိကြသည် ။ မိုးကြိုး အန္တရာယ် စသည်ကင်းစေရန်ဖြစ်သည် ။

နောက်ပိုင်းတွင် ရှင်ဥပဂုတ်မထေရ်သည် 
ဂုဏ်းဆရာ လုပ်သူတို့၏ လက်ထဲ ရောက်သွားရာ
 စိတ္တဇဝေဒနာအတွက် အသုံးချခံတပါး ဖြစ်သွားရပြန်သည် ။ 
ရှင်ဥပဂုတ်သာမဟုတ်၊ 
ရှင်မဟာကဿပကဲ့သို့သော မထေရ်များလည်း ပါဝင်နေကြသည် ။ 
ထိုမထေရ်များကို အုပ်စုဖွဲ့ပေးကာ သေ ၄ပါး ၊ ရှင် ၄ပါး ဟူ၍ခေါ်ဆိုထားကြသည် ။ 
ထိုမထေရ် ၈ ပါးတို့မှာ အသေထွက် ပုဂ္ဂိုလ်နှင့် 
အရှင်ထွက် ပုဂ္ဂိုလ်များ ဟူ၍လည်း လက်ခံထားကြပြန်သည် ။


ရှင် လေးပါးစာရင်း၌ အောက်ပါမထေရ်တို့ ပါဝင်သည် ။
(၁) ရှင်ဥပဂုတ်သည် တောင်သမုဒ္ဒရာ၌ ကြေးပြာဿဒ် ဖြင့်နေသည် ။
(၂) ရှင်ခေမရထေရ်သည် အနောက် သမုဒ္ဒရာ၌ ကြေးပြာဿဒ် ဖြင့်နေသည် ။
(၃) ရှင်ဘဒ္ဒမထေရ်သည် မြောက်သမုဒ္ဒရာ၌ ရွှေပြာဿဒ် ဖြင့်နေသည် ။
(၄) ရှင်အက္ကောသာရမထေရ်သည် အရှေ့သမုဒ္ဒရာ၌ ရွှေပြာဿဒ် ဖြင့်နေသည် ။

မထေရ် ၄ ပါးကို နေရာ ၄ မျိုးခွဲတမ်းချထားရာ မြန်မာပြည်သားတို့အတွက် 
ရှင်ဥပဂုတ်သာလျှင် ပူဇော်ခွင့် ရနိုင်ကြ၏ ။ 
တောင်အရပ်၌သာ သမုဒ္ဒရာရှိသောကြောင့် ရှင်ဥပဂုတ်သာလျှင် 
မြန်မာပြည်သားတို့အတွက် တာစားသော ကိုယ်တော်ဖြစ်နေ၏ ။

သေ လေးပါး စာရင်း၌ အောက်ပါမထေရ်တို့ ပါဝင်သည် ။
(၁) ရှင်မဟာကဿပ သည် ဝေဘာရတောင် ကျောက်ဖြာထက်၌ရှိသည် ။
(၂) ရှင်မဟာသံသာရ သည် ဥတ္တမတောင်၌ရှိသည် ။
(၃) ရှင်ဥပေက္ခ သည် မကုလတောင်၌ရှိသည် ။
(၄) ရှင်ဓမ္မသာရ သည် မကုလတောင်၌ရှိသည် ။

မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်တို့သည် ရှင်မဟာကဿပ အသေထွက်ရှိရာ 
အလောင်းတော် ကဿပကို အလေးထား၍ သွားရောက်လေ့ရှိကြသည် ။

ရှင်မဟာကဿပ ပြဿနာကလည်း ရှုပ်ထွေးသည် ။ 
ပုဂံခေတ် အရည်းကြီးဂုဏ်းခေါင်းဆောင် ရှင်မဟာကဿပသည် 
ထိုနေရာသို့ သွား၍ ပျံတော်မူသည်ဟု ဇတ်လမ်းလုပ်ထားကြသည် ။

ဘုရားရှင်၏ သာဝကကြီးဖြစ်သော ပထမသံဂါယနာတင် ဦးဆောင် 
အရှင်မဟာကဿပကြီးသည် ထိုနေရာသို့ လာရောက်၍ 
ပရိနိဗ္ဗာန် ပြုသည်ဟုလည်း ပြောကြသေးသည် ။

အမှန်မူ အလောင်းတော် ကဿပဋ္ဌာနသည် 
အရည်းကြီးခေါင်းဆောင် ရှင်ကဿပ နှင့်လည်း မသက်ဆိုင်ပါ ။ 
သံဂါယနာတင် အရှင်မဟာကဿပ၏ ပရိနိဗ္ဗာန်ပြုရာလည်း မဟုတ် ။ 
ထိုရှင်မဟာကဿပကြီး ပရိနိဗ္ဗာန်ပြုရာ ဝေဘာရတောင်နှင့် အလားတူသော 
ပထ၀ီ အနေအထားကို ရှာ၍ အတုပြုလုပ်ကိုးကွယ်ခဲ့သော 
အလောင်းတော်ကဿပ အတုသာလျှင် ဖြစ်ပါသည် ။

ဗုဒ္ဓစာပေ၌ လာသော ဖြစ်စဉ်တို့ကို ကြည့်၍ 
ပထ၀ီအနေအထားကိုရှာဖွေလျှက် ခြေတော်ရာ များကိုလည်း 
ဤသို့ပင် ထုလုပ်ကိုးကွယ်ခဲ့ကြသည် မဟုတ်လော ။

ချုပ်၍ဆိုရလျှင် ရှင်ဥပဂုတ်မထေရ်သည် 
ထေရ၀ါဒပိဋကတ်တော်လာ ပုဂ္ဂိုလ်မဟုတ် ။ 
မဟာယာနဂိုဏ်းလာ စာအုပ်ထဲက ကူးနုတ်ထားသော 
ထေရုပ္ပတ္တိသာ ဖြစ်သတည်း ။

ထေရ၀ါဒဗုဒ္ဓဘာသာ၊ အရှင်ဧသိက စာ - ၁၃၃

http://www.dhammagarden.com/2011/11/blog-post_16.html
မှကူးယူဖော်ပြပါသည်။
PPost Before “read more” And here is the rest of it

ပေါများလိုက်တာ

ညသန်းခေါင်အချိန်ကြီးကလင်ကလင်ကလင်~~~~~
အမျိုးသား - ဒေါက်တာလားခင်ဗျ။ ကျွန်တော့်မိန်းမ ဗိုက်အရမ်းနာနေတယ်။ အူအတက်ပေါက်တာ ထင်တယ်။ အမြန်ကြွခဲ့ပါခင်ဗျာ။
ဒေါက်တာ - ဘာမှစိတ်မပူပါနဲ။ ခဏနေရင် ကောင်းသွားမှာပါ။ ငါကောင်းကောင်းသိပါတယ်။ အမျိုးသား - တကယ်ပြောနေတာပါခင်ဗျာ။ သူတကယ် ခံစားနေရပါတယ်။
ဒေါက်တာ - စိတ်မပူပါနဲ့ ခင်ဗျာ။ ကျွန်တော်လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပဲ သူ့အူအတက်ကို ဖျတ်ပေးခဲ့ပြီးသားလေ။ ရိုးရိုးတန်းတန်း ဗိုက်နာတာနေမှာပါ။
အမျိုးသား - အခု ဗိုက်နာနေတာက ကျွန်တော့်နောက်မိန်းမပါ။

ကိုယ့်အတွေးနဲ့ကိုယ်

လက်ထပ်ပြီးစ ဇနီးအသစ်စက်စက် လေးဟာ အလုပ်ကနေ ပြန်လာတဲ့ ခင်ပွန်းသည်ကိုကြိုဆိုရင်း
"ရှင့်အတွက် သတင်းကောင်းရှိတယ် ..မောင်ရေ"လို့ ပြောလိုက်ပါတယ်။

"ဘာများလဲ ..အချစ်ရေ"လို့ ခင်ပွန်း သည်က မေးလိုက်တဲ့အခါ "ဒီအိမ်မှာ မောင်နဲ့ ကျွန်မ နှစ်
ယောက်အစား သုံး ယောက်ဖြစ်တော့မယ်"လို့ ဖြေလိုက်ပါ တယ်။

အဖြေစကားကို ကြားလိုက်ရတဲ့ အချိန်မှာ ယောက်ျားဖြစ်သူဟာ ၀မ်းသာမှုကြောင့် အားပါးတရပြုံး
ပျော်နေပြီး မျက်လုံးတွေဟာလည်း အရောင်
တောက်ပသွားပါတော့တယ်။

မိန်းမ ဖြစ်သူအနားကိုလည်း ချက်ချင်းသွားပြီး ကြင်နာစွာနဲ့ အနမ်းပေးလိုက်ပါတယ်။ ခင်ပွန်းသည်
ရဲ့ယုယမှုကို ကျေနပ်စွာခံယူပြီး အမျိုးသမီးပြောလိုက်တာက "မောင် ..ဒီလိုပျော်နေတာ မြင်ရတာ
ဝမ်းသာလိုက်တာ။ ကျွန်မရဲ့အမေလေ .. ကျွန်မတို့နဲ့အတူနေဖို့ ဒီမနက်ပဲ အိမ်ကို ပြောင်းလာခဲ့
တယ်"တဲ့။

barak obma အကြောင်းတစေ့တစောင်း

မွေးနေ့ သြဂုတ်လ ၄ ရက်၊ ၁၉၆၁ ခုနှစ်
ဇာတိ ဟိုနိုလူလူ၊ ဟာဝိုင်ရီ
မွေးအမည် ဘားရက် ဟူစိန် အိုဘားမား
လူမျိုး အာဖရိကန် - အမေရိကန်
ပါတီ ဒီမိုကရက်
ဇနီး မစ်ချယ်လီ အိုဘားမား (၁၉၉၂ လက်ထပ်)
သားသမီး မာလီယာ အန် (သမီး၊ ၁၉၉၈ မွေး) နာတာရှာ (ဆာစ်ဟာ) (သမီး၊ ၂ဝဝ၁)
နေရပ် ချီကာကို၊ အီလီနွိုက်ပြည်နယ်
ပညာရေး ဟားဗတ်ဥပဒေကျောင်း၊ ကိုလံဘီယာတက္ကသိုလ်၊ အောစီဒင်တယ်ကောလိပ်
ကိုးကွယ်သည့် ဘာသာ ပရိုတက်စတင့် ခရစ်ယာန်
____________________
ငယ်စဉ်ဘဝ

ဟာဝိုင်ရီရှိ အမေရိကန်တက္ကသိုလ် University of Hawaii at Manoa အတွင်းရှိ နိုင်ငံခြားသား ကျောင်းသားတစ်ဦးဖြစ်သည့် ကင်ညာနိုင်ငံသား လူမည်းလူမျိုး ဖခင် ဘားရက် ဟူစိန် အိုဘားမားနှင့် ဒေသခံ Kansas နယ်မှ အမေရိကန် လူဖြူလူမျိုး မိခင် Ann Dunham တို့ လက်ထပ်ခဲ့ကြပြီး အမေရိကန်သမ္မတ ဖြစ်လာမည့် ဘားရက် အိုဘားမားကို မွေးဖွားခဲ့သည်။

အိုဘားမား ၂ နှစ်အရွယ်တွင် မိဘများ ကွာရှင်းခဲ့ကြသည်။ ဖခင်မှာ ကင်ညာနိုင်ငံသို့ ပြန်သွားခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဖခင်ဖြစ်သူ ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားကာ သေဆုံးသည်အထိ ဖခင်ဖြစ်သူနှင့် အိုဘားမားမှာ တစ်ကြိမ်သာ တွေ့ဆုံခဲ့ရသည်။

မိခင်မှာ အင်ဒိုနီးရှားလူမျိုး လိုလို ဆိုးတိုရိုနှင့် လက်ထပ်ခဲ့ကာ ၆ နှစ်အရွယ် သားငယ် အိုဘားမားနှင့်အတူ အင်ဒိုနီးရှားနိုင်ငံသို့ ၁၉၆၇ ခုနှစ် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်
။ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာတွင် ၁၀ နှစ်အရွယ်အထိ ကျောင်းနေခဲ့ရသည်။

၁၉၇၁ ခုနှစ်တွင် မိခင်ဘက်မှ အဘိုးအဘွားများရှိရာ ဟာဝိုင်ရီသို့ သွားရောက်နေထိုင်ခဲ့ပြီး၊ ဟာဝိုင်ရီရှိ ပုဂ္ဂလိကကျောင်း တစ်ခုဖြစ်သည့် Punahou ကျောင်းတွင် ၅ တန်းမှ ၁၉၇၉ ခုနှစ် ကျောင်းပြီးသည်အထိ  တက်ရောက်ခဲ့သည်။

မိခင်မှာ ဟာဝိုင်ရီသို့ ပြန်လာကာ အချိန်အတန်ကြာ အိုဘားမားနှင့်အတူ နေထိုင်ခဲ့ပြီး၊ သူ၏ ဒေါက်တာဘွဲ့အတွက် သုတေသနပြုလုပ်ရန် အင်ဒိုနီးရှားသို့ ပြန်လည် ၀င်ရောက် နေထိုင်ခဲ့သည်။

၁၉၉၅ ခုနှစ်တွင် သားအိမ်ကင်ဆာရောဂါဖြင့် မိခင်ကွယ်လွန်သည်။

အိုဘားမားသည် အထက်တန်းကျောင်း တက်ရောက်စဉ် ဆေးခြောက်၊ ကိုကင်းနှင့် အရက်များ သုံးစွဲခဲ့ကြောင်း ၂၀၀၈ ခုနှစ် လူထုဟောပြောပွဲတွင် ၀န်ခံခဲ့ပြီး စာရိတ္တရေးရာပျက်စီးမှု ဖြစ်ခဲ့ဖူးကြောင်း ၀န်ခံခဲ့သည်။

အထက်တန်းကျောင်းအပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ Occidental College တွင် သွားရောက် ပညာသင်ကြားခဲ့သည်။

ထို့နောက် နယူးယောက်မြို့ရှိ Columbia University သို့ ပြောင်းရွှေ့ပညာသင်ကြားခဲ့ပြီး နိုင်ငံတကာ ဆက်ဆံရေး ပညာရပ် အထူးပြုလေ့လာကာ နိုင်ငံရေးသိပ္ပံဖြင့် B.A ဘွဲ့ကို ၁၉၈၃ ခုနှစ်တွင် ရရှိခဲ့သည်။

၁၉၈၃ နှစ်ဦးပိုင်းမှ စတင်ပြီး Business International Cooperation တွင် တနှစ်ကြာ ၀င်ရောက်လုပ်ကိုင်ခဲ့ကာ New York Interest Research Group တွင် ပါဝင်လုပ်ကိုင်ခဲ့သည်။

ထို့နောက် ချီကာကိုသို့ ပြောင်းရွှေ့ကာ ဒေသခံ ကက်သလစ်ခရစ်ယာန် အသင်းတော်များ အခြေပြု လူထုစည်းရုံးရေး လုပ်ငန်းများ လုပ်ကိုင်သည့် Developing Communities Project - DCP တွင် ဒါရိုက်တာအဖြစ် ၃ နှစ်ကြာ ၀င်ရောက်လုပ်ကိုင်သည်။ အိုဘားမား ဦးဆောင်သည့် ကာလအတွင်း ၀န်ထမ်းများ တိုးပွားလာကာ ၀င်ငွေမှာလည်း အောင်မြင် တိုးတက်လာခဲ့သည်။

၁၉၈၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ဥရောပသို့ သုံးပတ်ကြာသွားရောက် လည်ပတ်ခဲ့ပြီး ဖခင်နှင့် ဆွေမျိုးများရှိရာ ကင်ညာသို့ သွားရောက်ခဲ့သည်။ ဖခင်အပါအ၀င် ဆွေမျိုးများအား ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

၁၉၈၈ ခုနှစ် နှစ်ကုန်ပိုင်း ဟားဗတ် ဥပဒေကျောင်းသို့ ၀င်ရောက် ပညာသင်ကြားခဲ့သည်။ တနှစ်အကြာ သူ၏ အရည်အချင်းကြောင့် ဟားဗတ် ဥပဒေသုံးသပ်ရေး ဂျာနယ်တွင် အယ်ဒီတာအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

၁၉၉၀ ခုနှစ်တွင် ဒုတိယနှစ်ကျောင်းသားကာလတွင် ဥပဒေသုံးသပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် ရွေးချယ်ခံရသည်။ ပထမဆုံး လူမည်း ဥပဒေသုံးသပ်ရေးအဖွဲ့ ဥက္ကဌအဖြစ်လည်းကောင်း၊ အယ်ဒီတာချုပ်အနေဖြင့်လည်းကောင်း၊ ဥပဒေသုံးသပ်ရေးအဖွဲ့ဝင် အယ်ဒီတာ ၆ ဦးကို ဦးစီးလမ်းညွှန်သူအဖြစ်လည်းကောင်း ရွေးချယ်ခံရသည်။

ပထမဆုံး လူမည်း ဥပဒေသုံးသပ်ရေးအဖွဲ့ ဥက္ကဌ အဖြစ် ရွေးချယ်ခံရမှုအား ကျယ်ပြန့်စွာ ဆွေးနွေးတင်ပြခဲ့ကြပြီး အချိန်အတော်ကြာအထိ ဆွေးနွေးစရာကိစ္စ ဖြစ်ခဲ့သည်။





စာအုပ်ရေးသားခြင်း

ရွေးချယ်ခံရပြီးနောက် လူ့အသားအရောင်ကွဲပြားမှုများ ဆက်စပ်မှုအကြောင်း စာအုပ်ရေးသားရန် ကန်ထရိုက်ရခဲ့ပြီး၊ University of Chicago Law School က ထိုစာအုပ်ရေးသားရန် ၀န်ထမ်းတဦးနှင့် ရုံးခန်းတခုအား ပြင်ဆင်ပေးခဲ့သည်။ ၎င်းစာအုပ်အား တနှစ်အတွင်း အပြီးသတ်ရန် ပြင်ဆင်ခဲ့သော်လည်း အချိန်ကြာမြင့်ခဲ့ကာ နောက်ပိုင်းတွင် ကိုယ်ပိုင် ဘ၀ဖြတ်သန်းမှုများကို ရေးသားသည့် စာအုပ်အသွင်သို့ ပြောင်းလဲသွားသည်။

“Dream From My Father: A Story of Race and Inheritance” စာအုပ်အား ၁၉၉၅ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ၎င်းစာအုပ်သည် အိုဘားမား နိုင်ငံရေးနယ်ပယ်ထဲသို့ မ၀င်ရောက်မီ ဟားဗတ် ဥပဒေသုံးသပ်ရေးဂျာနယ် ဥက္ကဌအဖြစ် ဆောင်ရွက်နေစဉ် ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်ပြီး၊ သူ၏ ဘ၀ဖြတ်သန်းခဲ့မှုများကို ရေးသားခဲ့ခြင်းဖြစ်သည်။

အိုဘားမားနှင့် နိုင်ငံရေး

၁၉၉၂ ခုနှစ်မှ စတင်ကာ University of Chicago Law School တွင် ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေဘာသာရပ်အား ၁၂ နှစ်ကြာ သင်ကြားခဲ့သည်။

၁၉၉၆ ခုနှစ်တွင် အီလီနွိုက်ပြည်နယ် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ၁၉၉၈ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်အထိ အီလီနွိုက်ပြည်နယ် လွှတ်တော်အမတ်အဖြစ် ဆက်တိုက်အရွေးခံခဲ့ရသည်။

၂၀၀၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ်အဖြစ် အရွေးခံရန် အီလီနွိုက်ပြည်နယ် လွှတ်တော်အမတ် ရာထူးမှ နှုတ်ထွက်ခဲ့သည်။



ပထမဆုံး အာဖလီကန်-အာမေလီကန် လွှတ်တော် အမတ်

၂၀၀၄ ခုနှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် အီလီနွိုက်ပြည်နယ်အတွင်းမှ ၇၀ ရာခိုင်နှုန်း ထောက်ခံမဲဖြင့် အမေရိကန် အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

အမေရိကန်သမိုင်းတွင် ပဉ္စမမြောက် အာဖရိကန်-အမေရိကန် အထက်လွှတ်တော်အမတ်ဖြစ်ပြီး၊ ဇန္န၀ါရီလ ၄ ရက်၊ ၂၀၀၄ ခုနှစ်တွင် ကျမ်းသစ္စာကျိန်ဆိုသည်။



ပထမဆုံး အာဖလီကန်-အာမေလီကန် သမ္မတ

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အေဗဟမ်လင်ကွန်း၏ ၁၈၅၈ ခုနှစ်အတွင်းက ကျော်ကြားခဲ့သော မိန့်ခွန်းများ ပြောကြားခဲ့သည့် အီလီနွိုက်ပြည်နယ် Springfield တွင် အမေရိကန် သမ္မတရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၀၀၈ ခုနှစ် မဲဆွယ်စည်းရုံးရေးကာလအတွင်း ဒီမိုကရက်ပါတီအတွင်း ပြိုင်ဘက်ဖြစ်သူ ဟီလာရီကလင်တန်နှင့် အချိန်အတော်ကြာ ယှဉ်ပြိုင်ခဲ့ကြရသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။

သခင်ကိုယ်တော်မှိုင်း

မွေးသက္ကရာဇ်     ၁၈၇၆-၁၉၆၄
ငယ်အမည်     မောင်လွန်း
ရရှိခဲ့သည့်ဘွဲ့နှင့် ဆုတံဆိပ်များ     အလင်္ကာကျော်စွာဘွဲ့၊ စတာလင်ငြိမ်းချမ်းရေးဆု(ဆိုဗီယက်)၊ ဒေါက်တာဘွဲ့(အရှေ့ဂျာမဏီ)

ငယ်ဘဝနှင့်ပညာရေး

မြန်မာစာပေပညာရှင်၊ ကဗျာဆရာ၊ ရာဇဝင်(သမိုင်း)ဆရာ၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး တိုက်ပွဲ ဝင် မျိုးချစ်စာရေးဆရာ၊ ငြိမ်းချမ်းရေး အကျိုးပြုသမား အဖြစ်ထင်ရှား ကျော်ကြားသူဖြစ်သည်။ ကလောင်အမည်အမျိုးမျိုးနှင့် ဆောင်းပါး၊ ကဗျာ မြောက်များစွာရေးသားခဲ့သည့်အနက် မစ္စတာမောင်မှိုင်း မှာပုံတော်၊ ဒေါင်းဋ္ဋီကာ၊ မျောက်ဋ္ဋီကာ၊ သခင်ဋ္ဋီကာတို့မှာ အထူးထင်ရှားသည်။ သခင်ကိုယ်တော်မှိုင်းသည် သီပေါမင်းပါတော်မူကာ မန္တလေးပျက်သည်ကို သိမှီခဲ့သူဖြစ်သည်။ သက်ရှိထင်ရှားမရှိတော့သည့်တိုင် မြန် မာ့နိုင်ငံရေးခေါင်းဆောင်များနှင့် မျိုးဆက် အဆက်ဆက်တို့အားသြဇာလွှမ်းမိုးဆဲဖြစ်သည်။
သခင်ကိုယ်တော်မှိုင်းအား ရွှေတောင်နယ် ဝါးလယ်ကျေးရွာ၊ အဖ ဦးစံထွန်း၊ အမိဒေါ်အုန်းတို့ ၁၂၃၇ခု တပေါင်းလပြည့်ကျော် ၁၄ရက်၊ (၁၈၇၆ မတ်လ၂၃ရက်) ကြာသပတေးနေ့၌ ဖွားမြင်ခဲ့ပြီး ငယ်မည်မှာ မောင်လွန်းဖြစ်သည်။ မိခင်ဒေါ်အုန်းသည် အိမ်တွင်းလုပ်ငန်းများကို လုပ်ကိုင်ရင်း သားဖြစ်သူမောင်လွန်း အား စာရေး စာဖတ်သင်ကြားပေးခဲ့သည်။ ထို့နောက်မိဘများမှ ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာ တော်ဘုရားကြီး ထံတွင်အပ်နှံပြီး ပညာသင်စေသည်။ မောင်လွန်းသည်ကျောင်းသားဘဝမှာပင် အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ရတနာရွှေချိုင့်၊ ပရိတ်ကြီး၊ သဒ္ဒါသဂြိုဟ် စသည်တို့ကို သင်ကြားတတ်မြောက်ခဲ့သည်။
မောင်လွန်းသည်ကျောင်းသားဘဝတွင် ရွှေတောင်မြို့၌သာနေခဲ့သည် မဟုတ် မိခင်ဖြစ်သူ၏မောင် ဦးရီးရဟန်းတော်နှင့် အညာဒေသများသို့လိုက်ပါရင်း ပညာသင်ယူခဲ့သည်။ သို့သော် နေရပ်ပြန်ရောက် ချိန်တွင် ကျီးသဲလေးထပ်ဆရာ တော်ဘုရားကြီး ထံတွင်သာ စာသင်သွားလေ့ရှိသည်။ တခါတွင် မောင်လွန်းသည် ဦးရီးရဟန်းနှင့်အတူ မန္တလေးမြို့ မြတောင်တိုက်၌ ရှိနေစဉ် သီပေါမင်းအား အင်္ဂလိပ်တို့ ခေါ်ဆောင်သွားသည့် ပါတော်မူအရေးအခင်းကြီးနှင့် ကြုံကြိုက်ခဲ့သည်။ ၁၀နှစ်အရွယ်ရှိပြီဖြစ်သောကြောင့် အမျိုးနှင့်နိုင်ငံအတွက် နာရကောင်းမှန်း သိကာ အခဲမကျေရှိခဲ့သည်။

ယင်းနောက်ရှင်သာမဏေဝတ်ကာ အလုံ၊ မုံရွာ၊ ချောင်းဦး၊ ဘုတလင်စသော အထက်အညာတခွင် ၌လည်းကောင်း ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးထံ ၌လည်းကောင်း ပညာများဆည်းပူးနေခဲ့သည်။ အသက်၁၉နှစ်အရွယ်တွင် ဖခင်ဦးစံထွန်းကွယ်လွန် သွားပြီး မရှေးမနှောင်းပင် ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးပါ ပျံလွန်တော်မူသွားခဲ့သည်။ ထို့ကြောင့် လူထွက်ကာ မိခင်မုဆိုးမကြီးအား လုပ်ကျွေးမွေးမြူရန် ကြိုးစားရင်းရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။

စာစီသမားဘဝ

ရန်ကုန်သို့ရောက်ရှိပြီးနောက် ဆူးလေဘုရားလမ်း ဇမ္ဖူ့ကြက်သရေ စာပုံနှိပ်တိုက်၌ စာစီသမားအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ထိုအခါက ထိုတိုက်၌ အယ်ဒီတာ ဆရာကြန်၊ တောင်လုံးပြန်ဆရာမြ၊ လင်းလွန်းပင် ဆရာတော်လူထွက် ဆရာဦးပန်းလှိုင်တို့ ရှိနေကြသည်။ မောင်လွန်းသည် အရည်အချင်းရှိသူဖြစ်သည့်အတိုင်း စာစီသမားဘဝမှ စာပြင်ဆရာ၊ အယ်ဒီတာကလေးဘဝ သို့မကြာမီအတွင်းမှာပင် တိုးတက်ရောက်ရှိ လာခဲ့သည်။ ပုံနှိပ်တိုက်ပိုင်ရှင် ဦးမောင်မောင်ခနှင့် ဒေါ်မမ လေးတို့ကလည်း မောင်လွန်းအား အလွန်ပင် ချစ်ခင်ကြသည်။

ပြဇာတ်ဆရာလွမ်း

ထိုအချိန်က နှစ်ပဲတန်ပြဇာတ်လွန်စွာ ခေတ်စားသောကြောင့် ပြဇာတ်စာအုပ်အများအပြားကို အားစိုက်ရေးသားခဲ့သည်။ ထိုစဉ်က အပျော်ဖတ် ဇာတ်စာအုပ်များ ပလူပျံအောင်ထွက်နေခဲ့ပြီး ကိုယ်တိုင်ရေးသာရေးသော်ငြား မနှစ်မြို့လှသောကြောင့် "အသုံးမကျသော ဇာတ်စာအုပ်"ဟု ရေးသားခဲ့ဖူးသည်။ ထို့အပြင် ရေးသား ခဲ့သောပြဇာတ်များအားလုံးမှာ ကိုယ်တိုင်ရေးမဟုတ်ပဲ ဇတ်သဘင်စင်ထက်မှ လာသောဇာတ်များသာ ဖြစ်သည်ကတစ်ကြောင်း၊ ဆရာသမားများ၏ ဂုဏ်သိက္ခာများ ကိုထိခိုက်မည် စိုးသည်ကတစ်ကြောင်း အမည်ရင်းဖြင့်မရေးပဲ ရွှေတောင်မောင်လွမ်း ဟူသောအမည်ကို အသုံးပြုခဲ့သည်။ရေးသားခဲ့သော ပြဇာတ်စာအုပ်ပေါင်း ၈၀ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။

အိမ်ထောင်ရေး

ဇမ္ဗူ့ကြက်သရေပုံနှိပ်တိုက်၌ အလုပ်လုပ်ကိုင်နေစဉ်မှာပင် တိုက်ပိုင် ဦးမောင်မောင်ခနှင့် ဒေါ်မမလေးတို့က ကြည့်မြင်တိုင်သူ ဒေါ်ရှင်နှင့် အိမ်ထောင်ချပေးခဲ့သည်။ ၁၂၇၇ခု အသက်၄၀အရွယ်၌ ဇနီးဒေါ်ရှင် ကွယ်လွန်ကာ သားသမီးလေးဦး ကျန်ရစ်ခဲ့သည်။ ၁၉၂၃-ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့၌ သမီးကြီး ဒေါ်မြရီသည် စာရေးဆရာ ဆရာဇေယျ နှင့် အိမ်ထောင် ပြုခဲ့သည်။

သတင်းစာဆရာဘဝ

ဇမ္ဗူ့ကြက်သရေပုံနှိပ်တိုက်အား အစုစပ်လိမိတက် သတင်းစာတိုက်လုပ်လိုက်ပြီးနောက် မကြာမီ ပုဏ္ဏားဦးဘဘေ ဆိုသူပိုင်ရှင် ဖြစ်လာခဲ့သည်။ လုပ်ငန်းတိုးတက် မှုမရှိသည့်အပြင် လခလည်းမမှန်၊ ဆရာရင်းများလည်း မရှိတော့သဖြင့် ရန်ကုန်သတင်းစာတိုက်သို့ ပြောင်းရွှေ့ အလုပ်လုပ်ခဲ့သည်။ ထိုတိုက်တွင် ဆရာလွန်းကမြန် မာစာအယ်ဒီတာ အဖြစ်လုပ်ကိုင်ရသည်။ စာတော်ပြန်အလုပ်ရသော်လည်း အလုပ်ပဲ ငြင်းပယ်ခဲ့သည်။ ရန်ကုန်တိုင်း သတင်းစာ ဆုတ်ယုတ်လာသောအခါ မော်လမြိုင် သို့ပြောင်းကာ မြန်မာတိုင်းသတင်းစာ၌ အယ်ဒီတာ အဖြစ်လုပ်ကိုင်သည်။ မောင်သမာဓိအမည်ဖြင့် ဆောင်းပါးများရေးသားခဲ့သော်လည်း နိုင်ငံရေးဘက်သို့ မျက်နှာမမူသေးပေ။ ဇနီးသည် မမာမကျန်း ဖြစ်ခြင်းကြောင့် မော်လမြိုင်သတင်းစာတိုက်မှ နှုတ်ထွက်ကာ ရွှေတောင်၌ ခေတ္တပြန်နေခဲ့သည်။ ၁၉၁၁သူရိယသတင်းစာ ကိုစတင်တည်ထောင်ကြရာတွင် ဆရာလွန်းကို ခေါ်ယူသဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ပြန်သည်။ ထိုအခါ ဆရာလွန်း၏ ကိန်းအောင်းနေခဲ့သော ဇာတိမာန်များရှင်သန်ကြီး ထွားကာ မျိုးချစ်စာပေများ၊ နယ်ချဲ့ဆန့်ကျင်ရေးစာပေများ စတင်ရေးသားခဲ့သည်။

ချဉ်ပေါင်ရွက်သည်မောင်မှိုင်း နှင့် မစ္စတာမောင်မှိုင်း

သက္ကရာဇ်၁၉၀၀ကျော်ခန့် မှစ၍မြန်မာ ပညာတတ်အချို့သည် မစ္စတာဆိုသည့် အသုံးအနှုံးအား မိမိတို့မြန်မာအမည်များ ရှေ့တွင်တပ်၍ ခေါ်ဝေါ်ကြသည်။ ထို ခေတ်ဗုဒ္ဓဘာသာ ကလျာဏရုဝ အသင်း၏ခေါင်းဆောင်များဖြစ်ကြသော ဦးမေအောင်၊ ဦးခင်စသည်တို့သည် မစ္စတာမေအောင်၊ မစ္စတာခင် စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲကြသည်။ အသင်းအစည်းအဝေး မှတ်တမ်များတွင် မစ္စတာမေအောင်မှ အဆိုတင်သွင်းပြီး မစ္စတာခင်မှကန့်ကွက်ဟု ရေးမှတ်ကြသည်ဟု ဆိုသည်။ သခင် ကိုယ်တော်မှိုင်းသည် ထိုအပြုအမူများကိုမြင်သောအခါ လုံးဝနှစ်သက်ခြင်းမရှိ မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန်ကျင်သည့်အပြင် လွတ်လပ်ရေကြိုးပမ်းနှင့်လည်းဆန့် ကျင်သည်ဟု ယူဆသည်။

၁၉၀၄ဝန်ကျင်ခန့်က ပြင်သစ်စာရေးဆရာ ဒူးမားရေးသားသောThe Count of Monte Cristoဝတ္ထုကို ဂျိမ်းလှကျော်က မောင်ရင်မောင် မမယ်မ ဟူ၍ဆီလျော် အောင်ဘာသာပြန်ထုတ်ဝေခဲ့ပြီး လွန်စွာရေပန်းစားခဲ့သည်။ ဟံသာဝတီပိဋကတ်တိုက် ပိုင်ရှင် မစ္စတာရစ်ပလီဆိုသူသည် အားကျကာ ဝန်စာရေးဟောင်း ဦးကြီး အားအများကြိုက်မည့် ဝတ္ထုတပုဒ်ကို ရေးသားစေသည်။ ဦးကြီးသည် ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္တုကို ရေးသားပေးရာ ၁၉၀၄ခုနှစ်တွင် ပထမတွဲကိုထုတ် ဝေနိုင်ခဲ့သည်။ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းသည် ဇာတ်လမ်းအရ အလွန်ယုတ်မာကောက်ကျစ်လှသော လူရှုတ်လူပွေတစ်ဦးဖြစ်ပြီး အမျိုးကောင်းသမီးများအား လှည့်ဖြားကာ ဥစ္စာပစ္စည်းတို့အား ယူငင်သည်။ ထိုခေတ်ကာလက လူကြီးများသည် ထိုဝတ္ထုကို ယုတ်မာညစ်ညမ်းသော ဝတ္ထုအဖြစ်မှတ်ယူပြီး လူငယ်များအား မဖတ်ရန် တားမြစ်ခဲ့ကြသည်။ ဖတ်ရှုလိုသူ လူငယ်အချို့သည် ထိုဝတ္ထုကို အိမ်သာအတွင်း ယူငင်၍ဖတ်ရှုခဲ့ရသည်ဟူ ဆိုသည်။

ထို့ကြောင့်လည်း သခင်ကိုယ်တော်မှိုင်သည် မောင်မှိုင်းအမည်ရှေ့တွင် မစ္စတာတပ်၍ သုံးစွဲလိုက်ရာ ဦးမေအောင်တို့လူစု မခံမရပ်နိုင်အောင် ဖြစ်ခဲ့ကြရသည်။ ပြန်လည်ရန်တွေ့ကြသလို သတင်းစာမှလည်းပြန်လည် ချေပရေးသားကြသည်။ သို့သော် သခင်ကိုယ်တော်မှိုင်းကား မဖြုံ ထိုအမည်ဖြင့် ဆောင်းပါး၊ ကဗျာများကို အစဉ်တစိုက် ဆက်ရေးသွားရာ တစ်နှစ်ခန့်အကြာတွင် ဦးမေအောင်နှင့်တကွ မစ္စတာတပ်သူအပေါင်းသည် မစ္စတာဘဝမှ အနားယူသွားကြရလေသည်။

အမျိုးသားကောလိပ်ကျောင်းဆရာဘဝ

၁၉၂၀တွင် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ကြသော ကျောင်းသားတစ်စုမှ ရန်ကုန်မြို့ ဗဟန်းရပ်ကွက်ရှိ ကျောင်းတိုက်တစ်တိုက်တွင် အမျိုးသားကောလိပ်ကျောင်း အားစတင်တည်ထောင်ကြသည်။ ထိုအချိန်တွင် မစ္စတာမောင်မှိုင်းအမည်ဖြင့် စာပေလောက၌ ထင်ရှားပြီးဖြစ်သော ဆရာဦးလွန်း သူရိယသတင်းစာတိုက်မှထွက်ကာ ဝင်ရောက်ဆောင်ရွက်ပေးသည်။ ကနဦးတွင် မြန်မာစာ ပါမောက္ခဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာရာဇဝင်ပြောင်း၍ သင်ကြားသည်။ သို့ရာတွင်အမျိုးသားကောလိပ်မှာ အမျိုးသားပညာရေး ကောင်စီ၏ အထောက်အပံ့မရသဖြင့် ဆက်လက်ရပ်တည်ရန် ခက်ခဲလာပြီး နောက်ဆုံးတွင်ကောလိပ်ကို ပိတ်ခဲ့ရသည်။

မစ္စတာမောင်မှိုင်းမှသည် သခင်ကိုယ်တော်မှိုင်းသို့

သခင်ကိုယ်တော်မှိုင်းသည် ၁၉၃၄ခုနှစ်တွင် ပါတီသစ်တစ်ရပ်အနေဖြင့် ထင်ရှားလာသော တို့ဗမာအစည်းအရုံးကို သူ၏သြဇာတိက္ကမနှင့် ဝင်ရောက်အားပေးကူညီရာ ၁၉၃၆တွင် နယကဖြစ်လာခဲ့သည်။ ထိုအခါတို့ဗမာအစည်းအရုံးဝင်များ၏ ဓလေ့ကိုလိုက်၍ မိမိကိုယ်တိုင် သခင်အမည်ကို ခံယူသည်။ ဤသည်တွင် သခင်ကိုယ်တော် မှိုင်းဟူသော အမည်အား ကွယ်လွန်သည်အထိ အသုံးပြုသွားခဲ့သည်။ သခင်ကိုယ်တော်မှိုင်းသည် တို့ဗမာအစည်းအရုံးဝင် ခေတ်လူငယ်များ၏ အလုပ်လုပ်ပုံကို သ ဘောကျပြီး အကြံဥာဏ်များနှင့် အာပေးအားမြှောက် ပြုခဲ့ရာ ထိုလူငယ်များတသိုက်တွင် ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမည့် သခင်အောင်ဆန်း၊ မြန်မာပြည်ဝန်ကြီးချုပ် ဖြစ်လာမည့် သခင်နုတို့ပါဝင်ကြသည်။

ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ

သခင်ကိုယ်တော်မှိုင်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီး ပြည်တွင်းစစ်ကြီး မဖြစ်ပွါးရန် အမျိုးမျိုးကြိုးစားခဲ့သည်။ ၄င်းနောက် ပြည်တွင်စစ်ကြီး ဖြစ်ပွါပြီး ရက်သတ္တပတ် အကြာတွင် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် တို့ဗမာအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ စက်တင်ဘာ၁၄ရက် နေ့တွင် ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်း သခင်စံထွန်းလှဇရပ်၌ အဖွဲ့အစည်း ပေါင်းစုံကိုယ်စားလှယ်များ၏ အစည်းအဝေးတစ်ရပ် ကျင်းပြပြုလုပ်ပြီး ၁၇ဦးကော်မတီ နိုင်ငံတော်အေးချမ်းသာယာရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

၁၉၄၈ဒီဇင်ဘာ ၂၅ရက်နေ့တွင် ရွှေတိဂုံစေတီတောင် ရာဟုဒေါင့် သံတန်ဆောင်းကြီး၌ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း၁၀၀ကျော်မှ ဆရာတော်၃၀၀၀ခန့်၊ အခြားဘာသာပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များနှင့် လူထုပရိတ်သတ် ၂၀၀၀ကျော်တက်ရောက်သော ပြည်တွင်းငြိမ်းချမ်းရေး စည်းဝေးပွဲကြီးအားဦးစီး ကျင်းပခဲ့သည်။ ထို့နောက် ၁၉၅၁ခုနှစ်တွင် ပြည့်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုံ(People's Peace Front) ကိုဖွဲ့စည်းခဲ့ပြန်သည်။

၁၉၅၂ခုနှစ် မေလ ၁၀ရက်မှ ၁၄ရက်ထိ ဂျူဗလီဟောတွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(ဗမာနိုင်ငံ)၏ ပြည်လုံးကျွတ် ညီလာခံစင်မြင့်ပေါ်မှ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်များ ချမှတ်ပြီး မေလ၁၀ရက်နေ့တွင် ပြည်တွင်းစစ်ရပ်စဲရန် ပန်ကြားလွှာကို ထုတ်ပြန်ခဲ့သည်။ ၄င်းနောက် ၁၉၅၆ခုနှစ် ဖေဖေါ်ဝါရီလ၂၇ရက်နေ့မှ မတ်လကုန်အထိ အထက်မြန်မာပြည်တလွှားသို့ လှည့်လည်၍ ပြည်တွင်းငြိမ်းချမ်းရေး တရားများ လိုက်လံဟောပြောခဲ့သည်။ မတ်လ၃၁ရက်နေ့တွင် မန္တလေးအိမ်တော်ရာဘုရား ၁၄ခန်းဇရပ်ကြီး၌ လေးပြင်လေးရပ် ဆရာတော် ၁၄၃ပါးကို ပြည်တွင်းငြိမ်းချမ်းရေးပန်ကြးလွှာတစ်စောင် တင်ဆက်လျှောက်ထားပြီး သြဝါဒခံယူခဲ့သည်။

ထို့နောက်ပြည်တွင်းငြိမ်းချမ်းရေး ၈ဦးကော်မတီအားဖွဲ့စည်း၍ ၁၉၅၈ခုနှစ် မတ်လ၂၈ရက်နေ့တွင် တပြည်လုံးရှိ ခရိုင်မြို့နယ် အသီသီး၌ တပြိုင်နက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ သို့သော်၁၉၅၈တွင် အာဏာလွှဲပြောင်းမှုကြီး ပေါ်ပေါက်ခဲ့ပြီး ၈ဦးကော်မတီအားဖျက်သိမ်းပေးခဲ့ ရသည်။ ၁၉၆၀အရောက်တွင် ပြည်တွင်းငြိမ်းချမ်း ရေးနှိုးဆော်ရေးအဖွဲ့အား ထပ်မံဖွဲ့စည်းခဲ့ပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် သင်ပုန်းချေရေးတို့အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။

ကမ္ဘာလှည့် ငြိမ်းချမ်းရေးခရီးသည်

ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(ဗမာနိုင်ငံ)၏ ဥက္ကဋ္ဌကြီးအဖြစ် တညီတညွတ်တင်မြှောက်ခြင်း ခံရပြီးနောက် ကမ္ဘာ့နိုင်ငံအများအပြားသို့ လှည့်လည်ခဲ့သည်။ ၁၉၅၂ခုနှစ် ပီကင်းတွင် ကျင်းပခဲ့သည့် အာရှပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ ကြီးကိုလည်ကောင်း၊ ၁၉၅၃ခုနှစ် တွင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တော် တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့် ကိုလည်ကောင်း တက်ရောက်ခဲ့သည်။ ထို့အပြင် ၁၉၅၇ခုနှစ် သိရိလင်္ကာနိုင်ငံ ကိုလံဘိုတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့်ကိုလည်း မြန်မာပြည်ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ တက်ရောက်ခဲ့သည်။

ဘွဲ့နှင့်ဆုအမျိုးမျိုး

ကိုလိုနီခေတ်အတွင်းက ရန်ကုန်ယူနီဗာစီတီ မြန်မာစာပါမောက္ခအဖြစ် တစ်လ၃၀၀ကျပ်အဖြင့် အမှုထမ်းရန် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။ တပည့်ရင်း ဖြစ်သူပြည်ထဲရေးဝန်ကြီး ဦးမေအောင်က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ယူရန် ပြောဆိုသော်လည်း လက်မခံခဲ့ပေ။ ထို့အပြင် ဝေလမင်းသားအား ကြိုဆိုဂုဏ်ပြုသည့် ပိုဒ်စုံရတုအား ငွေတစ်ထောင်ပေး၍ ရေးခိုင်းသော်လည်း ရန်သူကိုချီးမွမ်းထောပနာမပြုနိုင် ဟုခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ပြည် ထောင်စုအစိုးရမှ အင်္လကာကျော်စွာ စာပေဘွဲ့ကိုပေးအပ်ခဲ့သည်။ မကြာမီပင် ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကြောင့် ဆိုဗီယက်ယူနီယံမှ စတာလင် ငြိမ်းချမ်းရေးဆုကို အပ်နှင်းခဲ့ပြန်သည်။ တဖန် အရှေ့ဂျာမဏီမှ ဒေါက်တာဘွဲ့ချီးမြင့်ခဲ့ပြန်သည်။ သခင်ကိုယ်တော်မှိုင်းသည် အဆိုပါ ဒေါက်တာဘွဲ့အား များစွာနှစ်မြို့ခြင်း မရှိသော်လည်း နှစ်နိုင်ငံ ချစ်ကြည်ရေး သဘောအရသာ လက်ခံခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးနေ့ရက်များ

ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ အာဏာရလာပြီး ၁၉၆၃နိုဝင်ဘာတွင် အစိုးရနှင့်တောခိုအဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်သွားသည် သာမက နောက်တွင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ပါ ဖျက်သိမ်းခြင်းခံရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပျက်သွားချိန်မှစ၍ စိတ်ထိခိုက်ကာ အင်အားချိနဲ့ လာခဲ့သည်။ သို့သော် အဖွဲ့ဖျက်သိမ်းခံရသည့်အကြောင်းအား တပည့်၊သား၊မြေးများမှ ဖုံးဖိထားခဲ့ကြသည်။ တနေ့တွင် ကွမ်းသီးထုတ်အား ပတ်ထားသည့် သတင်းစာစက္ကူမှ ထိုသတင်းအားသိရှိသွားကာ "တိုင်းပြည်တော့ပိုဆိုးတော့မှာပဲ" ဟုဆိုပြီး အိပ်ယာထဲလဲသွားသည်။ ၁၉၆၄ခုနှစ်ဇူလိုင်၂၂တွင် သတိမရှိတော့ပဲ ၂၃ရက်နေ့နံနက်၁နာရီ အချိန်တွင် ကွန်လွန်အနိစ္စရောက်သွား ခဲ့သည်။ ကွန်လွန်ချိန်တွင် အသက်၈၉နှစ် ရှိပြီဖြစ်သည်။

ဈာပန

သခင်ကိုယ်တော်မှိုင်း၏ရုပ်ကလပ်ကို နေထိုင်ရာ စမ်းချောင်း၊ ချမ်းသာလမ်းရှိ နေအိမ်မှ အစိုးရဆောက်လုပ်ပေးသည့် စမ်းချောင်းပုဒမ္မာကွင်းရှိ မဏ္ဍတ်သို့ ဇူလိုင်၂၉ တွင်ရွှေ့ပြောင်းခဲ့သည်။ ထိုမဏ္ဍတ်အတွင်းတွင် သူ၏ အသုံးအဆောင်ပစ္စည်းများအား ပြခန်းသဖွယ်ပြသာထားခဲ့သည်။ နေ့လည်၂နာရီတွင် ပုဒမ္မာကွင်းမှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင်ပန်းခြံသို့ လူထုပရိတ်သတ်ထောင်ပေါင်းများစွာ လိုက်လံပို့ဆောင်ကြပြီး ဂူသွင်းမြှပ်နှံခဲ့သည်။

သခင်ကိုယ်တော်မှိုင်း ရေးသားပြုစုခဲ့သည် စာများ

    ညီတော် မင်းနန် ချွန်ခန်း ဟောစာသစ် (ရွှေတောင်မြို့ ဆရာလွန်း) - ၁၉ဝ၂ ခုနှစ်
    ရွှေတိဂုံ ဘုရား အမှူးကို ကျား အဖူးတက်သော ဇာတ်ဆန်း (မောင်လွမ်း) - ၁၉ဝ၃ ခုနှစ်
    ကျမိုင်းမောင် နှင့် စောမြိုင် ပြဇာတ် (ဆရာလွမ်း) - ၁၉ဝ၃ ခုနှစ်
    ကုလားလေး ဗျတ်ဝိ ဗျတ္တ ပြဇာတ် (ပ - အကြိမ် - ဆရာလွမ်း) - ၁၉ဝ၅ ခုနှစ်
    မော်လမြိုင် ရာဇဝင် ဝတ္ထု (ပထမတွဲ - ဆရာလွမ်း) - ၁၉ဝ၅ ခုနှစ်
    ကဗျာသာရ မဉ္စူ (ဆရာလွမ်း) - ၁၉ဝ၆ ခုနှစ်
    ဝရမတ္တ သံခိပ် အဖြေကျမ်း (ဒုတိယတွဲ - ဆရာလွမ်း) - ၁၉ဝ၆ ခုနှစ်
    အလောင်းတော် သုဝဏ္ဏသျှံ ပြဇာတ် (ဆရာလွမ်း) - ၁၉ဝ၇ ခုနှစ်
    ချင်းမလေး ဝါနု ပြဇာတ်သစ် (ဆရာလွမ်း) - ၁၉ဝ၈ ခုနှစ်
    သူခိုး ထိလပ် ပြဇာတ် (ပ - ဒု) (ဆရာလွမ်း) - ၁၉ဝ၈ ခုနှစ်
    ကျောက်ဝိုင်း သမိုင်း၊ ရေကင်းသူ မရွှေပွင့် ပြဇာတ်၊ ပထမတွဲ (ဆရာလွမ်း) - ၁၉ဝ၉ ခုနှစ်
    ကဗျာသာရတ္တ သဂြုင်္ိဟ် (ဆရာလွမ်း) - ၁၉၁ဝ ခုနှစ်
    သီရိဓမ္မာ သောက မင်းကြီး ပြဇာတ် (ပ-တွဲ) (ဆရာလွမ်း) - ၁၉၁၁ ခုနှစ်
    မြန်မာ ရာဇဝင်ချုပ်နှင့် ရွှေနတ်တောင် ဘုရားသမိုင်း (ဆရာလွန်း) - ၁၉၁၁ ခုနှစ်
    လက်မှုပညာ ဋီကာ (Hard Book of Useful Recipes) - ၁၉၁၃ ခုနှစ်
    ဗိုလ်ဋီကာ (မစ္စတာမောင်မှိုင်း) - ၁၉၁၄ ခုနှစ်
    ကဆုန် ညောင်ရေသွန်းပွဲတော် အတ္ထုပ္ပတ္တိစာတန်း - ၁၉၁၄ ခုနှစ်
    ဆောင်းပါး ပေါင်းချုပ်ကြီး (ပထမတွဲ) (မစ္စတာမောင်မှိုင်း) - ၁၉၁၄ ခုနှစ်
    မှာတော်ပုံ ဝတ္ထု (ပထမတွဲ) (မစ္စတာမောင်မှိုင်း) - ၁၉၁၆ ခုနှစ်
    အီနောင် နန်းတွင်းဇာတ်တော်ကြီး - ၁၉၁၇ ခုနှစ်
    ဓမ္မစေတီ (မင်းအတ္ထုပ္ပတ္တိ) ဝတ္ထု - ၁၉၁၈ ခုနှစ်
    ကေသာသီရိ နန်းတွင်း ဇာတ်တ်ာကြီး - ၁၉၁၈ ခုနှစ်
    မှာတော်ပုံ ဝတ္ထု (ဒုတိယတွဲ) - ၁၉၁၉ ခုနှစ်
    ပဲခူး ရာဇဝင် ဇာတ်တော်ကြီး - ၁၉၁၉ ခုနှစ်
    ဒေါင်းဋီကာသစ် - ၁၉၂ဝ ခုနှစ်
    ဘွိုင်းကောက် ဋီကာကြီး - ၁၉၂၁ ခုနှစ်
    မှာတော်ပုံ ဝတ္ထု (တတိယတွဲ) - ၁၉၂၁ ခုနှစ်
    မှန်နန်း ရာဇဝင်တော်သစ် (ပထမအုပ်) - ၁၉၂၂ ခုနှစ်
    မျောက်ဋီကာ - ၁၉၂၃ ခုနှစ်
    မျောက်ဂဏ္ဌိ - ၁၉၂၃ ခုနှစ်
    ခွေးဋီကာ - ၁၉၂၅ ခုနှစ်
    ဒေါင်းဂဏ္ဌိ (ပထမတွဲ) - ၁၉၃၁ ခုနှစ်
    ဂဠုံပျံ ဒီပနီဋီကာ - ၁၉၃၁ ခုနှစ်
    မန္ဈလေးမြို့ ရွှေရေးဆောင် ဆရာတော်ဘုရားကြီး ဦးကြည်၏ ထေရုပ္ပတ္တိကထာ - ၁၉၃၅ ခုနှစ်
    ခွေးဂဏ္ဌိ (ပထမတွဲ၊ ဒုတိယတွဲ) - ၁၉၃၆ ခုနှစ်
    သခင်ဋီကာ - ၁၉၃၈ ခုနှစ်
    အာဇာနည်ဗိမာန် - ၁၉၄၈ ခုနှစ်
    ဗမာ ပြည်တွင်းရေး မည်ကဲ့သို့ ဖြေရှင်း မည်နည်း သခင် ကိုယ်တော်မှိုင်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေး - ၁၉၄၈ ခုနှစ်
    အနာဂတ် ဇာတ်ခုံ အိပ်မက် ဒီဠုံ ဋီကာ - ၁၉၅ဝ ပြည့်နှစ်
    လေးချိုးပေါင်းချုပ် (ပထမတွဲ) - ၁၉၅၅ ခုနှစ်
    လေးချိုးပေါင်းချုပ် (တတိယကြိမ်) - ၁၉၆၈ ခုနှစ်
    မှာတော်ပုံ နှင့် စစ်ကိုင်းပြန် မှာတော်ပုံ - ၁၉၇၁ ခုနှစ်
    လက်ရွေးစင် လေးချိုးတရာ - ၁၉၇၃ ခုနှစ်
    တို့ဗမာ ဝတ်ရွတ်စဉ် - ၁၉၇၆ ခုနှစ်
    အနုသာသနခေါ် ဂမီႝရပျို့အဖြေ
    ဦးပုည မေတ္တာစာ
    မှန်နန်းရာဇဝင်ချုပ်
    ကုန်းဘောင်ပေါ်လစ်တစ်
    ကလဟ ဝိနိစ္ဆယ
    တက္ကသိုလ် ပန်တူဝိနိစ္ဆယ
    ပဌမတ္ထဝိဘာဝနီ (ကျော်ဋီကာ)
    အဝနန်းတော်
    မြန်မာ့ဇေယာသဝဏ်
    ကျော် ၄ ဆူ ဘုရားတိုင် လေးချိုးကြီးများ
    သခင် ညီလာခံ သြဘာ ဆောင်းပါးများ
    မင်္ဂလာရတုများ
    အရေးတော်ပုံ ဆောင်းပါးများ
    အရမ်းကာရ ဝိသောဓနီ
    စုန်တော်မူမှာတမ်း

တည်းဖြတ်ခဲ့သော စာအုပ်များ

    (မောင်စံသူ) ရွှေနန်းဘွဲ့ မှာတမ်း - ၁၉၁၃ ခုနှစ်
    (မဏိကက်) နန်းတွင်း ဇာတ်တော်ကြီး - ၁၉၁၇ ခုနှစ်
    (ဦးဘိုးသစ်) ကဗျာရေးနည်း နိသျှည်းကျမ်းကြီး - ၁၉၂၄ ခုနှစ်
    (မောင်ချစ်စရာ) မြန်မာစာ ညွန့်ပေါင်း ဋီကာ - ၁၉၂၅ ခုနှစ်
    တောင်တွင်းကြီးမြို့ ဆရာတော် ဟိတသိဒ္ဓက ဝတ္ထု - ၁၉၂၉ ခုနှစ်
    ပုံတောင်နိုင် မော်ကွန်း - ၁၉ ? ခုနှစ်
    (ဦးထွန်းဖေ) မြန်မာစာ အတ္ထုပ္ပတ္တိ အကျဉ်းချုပ် - ၁၉၃၃ ခုနှစ်
    ဒုတိယ နဝဒေး စကြာမင်း မယ်တော် ဆင်ဖြူရှင်မ ဧချင်း - ၁၉၃၄ ခုနှစ်
    (သခင် လေးမောင်) ဒို့ဝတ္တရားကြီး - ?
    မြဒေါင်းညို (ဦးအောင်သိန်း) ဝသုမြေ (ပထမပိုင်း) - ၁၉၃၈ ခုနှစ်
    (ဦးအုန်းမောင်) ကျောင်းသုံး မြန်မာ ရာဇဝင်သစ် - ၁၉၄၈ ခုနှစ်
    (ဗိုလ်သိမ်းဆွေ) ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ - ၁၉၅၁ ခုနှစ်
    (မဟာတင်) လွတ်လပ်ရေး နှင့် ဗိုလ်ချုပ် မော်ကွန်း - ၁၉၅၂ ခုနှစ်
    (ဆရာရွှေ)မြန်မာ ရှေးဟောင်း ကဗျာညွန့်ပေါင်း - ?
    တရုတ် အရပ်ရပ်ရောက်သည့် အရေးတော်ပုံ - ?